ဘားအံ မေ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကရင်ပြည်နယ်၊ မြို့နယ်စာရေးဆရာအသင်း၏ ဒုတိယနှစ်၊ နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် တတိယအကြိမ်ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘားအံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမဒေါ်ဆုလာဘ်နွယ်က တတိယအကြိမ် ညီလာခံအစည်း အဝေးကျင်းပခဲ့မှုနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စာရေးဆရာအသင်း၏ ဆောင်ရွက်နေမှုအခြေအနေ၊ ဘားအံမြို့နယ် စာရေးဆရာအသင်း၏ မြို့နယ်မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများ၊ ရန်ပုံငွေရှာဖွေမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော အသင်းဝင်များမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံမြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဆရာမလင်္ကာရည်ရည်ကျော်က မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယအကြိမ်ညီလာခံမှ အစီရင်ခံစာအားဖတ်ကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက စာပေလုပ်သားတာဝန်များကို ထမ်းဆောင်နေကြသည့် မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များအား ဘားအံမြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထွေထွေဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာရေးအတွက် မြို့နယ်စာရေးဆရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဘားအံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် အသင်းဝင်များမှ အသင်း၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုချက်များ၊ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)