ဝါးခယ်မမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ ဆက်လက်တူးဖော်

ဝါးခယ်မ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရာများဖြင့် ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ခြင်းလုပ်ငန်းများကို စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၌ ဆောင်ရွက်ပြီးဖြစ်ရာ ပြည်တော်သာလမ်းနှင့် မြူရုံး(B/C)လမ်း၌ ဆက်လက်တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ်အတွင်းရှိ မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှ ရေထွက်ပေါက်များ၊ စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယခုတွင် ပြည်တော်သာလမ်းနှင့် အခြားရပ်ကွက်များအား ဆက်လက်တူးဖော် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာစေရေးအတွက်နှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ မိုးတွင်းကာလ ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)