ဟင်္သာတ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအားကစား မြန်မာ့သိုင်းသင်တန်း အမှတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ရှိ မိုးလုံ လေလုံ အားကစားရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မြတ်နိုးသူနှင့် ဟင်္သာတမြို့နယ် မြန်မာ့သိုင်းဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဟင်္သာတမြို့နယ် မြန်မာ့သိုင်းကော်မတီဥက္ကဋ္ဌ ဦးအေးစိုးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး တာဝန်ရှိသာများက သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ဟင်္သာတမြို့နယ်တွင် နွေရာသီ အားကစားသင်တန်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များအတွက် ဖွင့်လှစ်ပေးခဲ့ပြီး သိုင်းသင်တန်းကို ဒုတိယအကြိမ်မြောက် ထပ်မံဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကာ သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
ကိုဇော် - ဟင်္သာတ