ဟင်္သာတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဟင်္သာတ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် ခြင်များခိုအောင်း နိုင်သည့်နေရာများ ဆေးဖျန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဟင်္သာတမြို့ပေါ်ရပ်ကွက် အတွင်းနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များက နေအိမ်များရှိ ပိုးလောက်လမ် းများ ပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာဟောင်းများနှင့် ဘုရာပန်းအိုးများအား ဖုန်း၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ကျင့်သုံးကြရန်နှင့် အဘိတ်ဆေးခတ်ခြင်းများကို တစ်အိမ်တက်ဆင်း ပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြသည်။ ထို့အပြင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်နှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များက အခြေခံပညာကျောင်းများရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် မြို့နယ်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ၏ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် အသိပညာပေးခြင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသည့် “သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်