ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ညောင်တုန်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဇီးဖြူကျွန်းကျေးရွာ၊ ကွင်းအမှတ်(၃၇၉)၊ ဦးပိုင်အမှတ်(၁၀၂/၁)ရှိ တောင်သူ ဦးစိုးမြင့်နွယ်၏ လယ်မြေ(၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးလူချောနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးလူချောက သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း အကျိုးကျေးဇူးများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ၊ မိုးစပါးသီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက် မြင့်မားရေးနည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို တက်ရောက်လာကြသည့် တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)