ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဒေးဒရဲ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းသွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မေလ ဒုတိယပတ်မှစတင်၍ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာခွဲများအရောက် အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း