ရပ်စောက် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စိစစ်ဖြည့်သွင်းမှု လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းရွှေက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ(၂၀)ရက်နေ့တွင် စတင်ကြေညာ ပေးသွားမည်ဖြစ်ရာ မဲစာရင်းများကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသော ပြည်သူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မဲစာရင်းတွင်ပါဝင်ရန်လိုကြောင်းနှင့် အမည်၊ မှတ်ပုံတင် အမှတ်များ မှားယွင်းမှုမရှိစေရေး၊ ပြည့်စုံမှန်ကန်သော မဲစာရင်းများ ဖြစ်စေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်းများစိစစ်ရန် လိုကြောင်းရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်မှ မဲဆန္ဒရှင်စာရင်းများ စိစစ်ဖြည့်သွင်းမှု ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကိုမြေပြင် ကွင်းဆင်း စိစစ် ကောက်ယူမှုစာရင်းအရ ပုံစံ(၃)ဖြင့် တောင်းဆိုလျှောက်ထားသူ(၃၇၀၄)ဦး၊ ပုံစံ(၄)ဖြင့်ကန့်ကွက် လျှောက်ထားသူ(၁၉၂၃)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် လျှောက်ထားသူ (၃၄၂၆)ဦး စာရင်းအား စနစ်တကျစိစစ်ဖြည့်သွင်းမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)