ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး သွန် လဲ စစ်လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒေါက်တာမွန်စိုးရီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကိုးပင်ကျေးရွာနှင့်‌ ချောင်းကောက် ကျေးရွာများအတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)