မင်းလှမြို့၌ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

အထက်မင်းလှ        စက်တက်ဘာ    ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းဖွင့်လှစ် ရောင်းချသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိကို ယမန်နေ့ညနေ   ၃  နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့် အညီ လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ၊ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ဝန်ထမ်းများ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ၊ စားသုံးသူပြည်သူများအား တစ်ဦးနှင့်တစ်ဦး ၃  ပေအကွာတွင် ထားရှိခြင်းရှိ/မရှိ  တို့ကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)