ဘားအံ မေ ၂၉
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း (ကရင်ပြည်နယ်)တို့ ကြီးမှူးကျင်းပသော နွေရာသီမွန်တိုင်းရင်းသား ဆရာ၊ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့် က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ သာသနာ့ဗိမာန်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်စာရင်းအရ ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်း ၉၂ ကျောင်း၌ ဆရာ၊ဆရာမ ၁၁၀ ဦးက ကျောင်းသား၊ ကျောင်းသူ ၆၃၆၀ ဦးကို မွန်တိုင်းရင်းသားစာပေများ သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသားဘာသာပြ ဆရာ၊ဆရာမများ သင်ကြား/သင်ယူမှု စွမ်းရည်မြင့်မားလာစေရန်၊ မွန်စာပေကို ကျယ်ကျယ် ပြန့်ပြန့်သင်ကြားနိုင်ရန်နှင့် မွန်အမျိုးသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး မွန်စာပေကို ကလေးများနားလည်သဘောပေါက် လွယ်အောင် ထိရောက်စွာသင်ကြားပေးရန်လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းခန်းအတွင်းသို့ ရောက်ရှိလာအောင် ဆရာ၊ဆရာမများက အားပေးတိုက်တွန်းရန်လိုပြီး မိဘများကလည်း မိမိတို့သားသမီးများ ကျောင်းတက်ရောက်နိုင်ရန် ကျောင်းသို့ပို့ဆောင်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း (ကရင်ပြည်နယ်) ဥက္ကဋ္ဌ က ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးပါသော ကရင်ပြည်နယ်အစိုးရအဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို က လက်ခံရယူသည်။
ထို့နောက် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း (ကရင်ပြည်နယ်)ဥက္ကဋ္ဌ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မွန်ယဉ်ကျေးမှုအဖွဲ့များက တေးသီချင်းအကအလှများဖြင့် ကပြဖျော်ဖြေကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့ဘိန်းအထက်တန်းကျောင်း၌ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်ကျောင်းအပ်နှံမှုအခြေအနေ၊ ဆရာ၊ဆရာမများမှ ကျောင်းအပ်လက်ခံပေးနေမှုအခြေအနေ၊ ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အတန်းစဉ်အလိုက် အခမဲ့ထောက်ပံ့ပေးအပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ အထကကော့ဘိန်းကျောင်း ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝဲရိတ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ကော့ကရိတ်မြို့နယ်လုံးဆိုင်ရာ နွေရာသီမွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း သင်တန်းသား၊ သင်တန်းသူ ၉၃၉ ဦး စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး၍ အမှာစကားပြောကြားကာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရာဇိန္ဒောအား ဖူးမြော်ကြည်ညိုကြပြီး သင်တန်း ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)