ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော် ကသာမြို့ ပတ္တမြားရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ

ကသာ  မေ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးများအား ယမန်နေ့နံနက်ပိုင်း က အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အုပ်ချုပ်ရေးအတွက် အခြေခံကျပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးယန္တရားများ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်ရုံးများ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကာ ရုံးဖွင့်လှစ်ရန် အခက်အခဲများရှိလျှင်လည်း တာဝန်ရှိသူများအား ပြန်လည်တင်ပြကြရန်၊ ၎င်းတို့အနေဖြင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည်များကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ နိုင်ငံသားစိစစ်ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်လုံခြုရေးနှင့် ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ရပ်ကွက်နေပြည်သူများ ရေရရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ရပ်ကွက်နေပြည်သူများ ရေရရှိမှုအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ အကောင်းဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာသို့ တင်ပြကြရန် မှာကြားခဲ့ကြောင်း သိရသည်။

နေခ (ပြန်/ဆက်)