စစ်ကိုင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

စစ်ကိုင်း မေ ၂၉

စစ်ကိုင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ(၂၈)ရက်၊ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က ကျောင်းနေအရွယ်ကလေးသူငယ်များ အခြေခံပညာရေးကို လက်လှမ်းမီသင်ယူခွင့် ရရှိစေရေအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရန်နှင့် ပညာသင်ယူခွင့်ရရှိစေရန်အတွက် နှစ်စဉ် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်လည်း နိုင်ငံတော်တာဝန် ရှိသူအကြီးအကဲများက အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံများ ထောက်ပံ့ပေးလျက်ရှိသလို ဆရာ/ ဆရာမများကိုလည်း စဉ်ဆက်မပြတ် သင်တန်းများပို့ချပေးလျက်ရှိကြောင်း စသည်ဖြင့်ပြောကြားကာ ခရိုင်ပညာရေးမှူးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား ပြဌာန်းစာအုပ်နှင့် စာရေး ကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်