ကျိုက်လတ်မြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ်   မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့နံနက်ပိုင်းမှစ၍  ရပ်ကွက်များအတွင်း  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်းအဖွဲ့တို့က အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများ တင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်စွာ မထားနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ အိမ်ခြံဝန်းအတွင်းရှိ အမှိုက်ခြုံနွယ် ပေါင်းမြက်များ ရှင်းလင်းစေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ပိုးလောက်လန်းသေ (Abate) အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်စေရေးတို့အတွက် ကျန်းမာရေးဝန်ထမ်းများက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)