ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကသာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ()နာရီအချိန်က ကသာမြို့တော်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်” သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးတို့က အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် ခဲတံများကို အသီးသီးပေးအပ်ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “ပန်းတိုင်းပွင့်မည် ဤဌာနီ” သီချင်းဖြင့် သီဆို ဖျော်ဖြေကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းလူဦးရေ(၁၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ကသာခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း(၁၀၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအနေဖြင့် မေလ(၂၈)ရက်နေ့ ကျောင်းအပ်လက်ခံမှုအရ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၂၅၆၀)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

နေခ (ပြန်/ဆက်)