မင်းဘူးမြို့ရှိ အမှတ်(၈၈) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချ

မင်းဘူး မေ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အမှတ်(၈၈)ခြေလျင်တပ်ရင်း၊ အောင်စစ်သည်ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၉/၂၀၂၂)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁၀/၂၀၂၂) သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တစ်ပြိုင်တည်းဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ရုံးမှ သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ ဒေသကြီးအသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မင်းဘူး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးက ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ် ရာတွင် ဆီအခြေခံ အသုံးပြုပုံနှင့် ဓါတုဗေဒကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ သဘာဝ ကြက်သွန်နီဆပ်ပြာ၊လက်ဆေးဆပ်ပြာ၊ ကြက်သွန်နီခေါင်းလျော်ရည်၊ သဘာဝခေါင်း လျှော်ရည်၊သဘာဝပန်းကန်ဆေးဆပ်ပြာ၊ မှန်ကြည်ဆေး၊ ရှားစောင်း ရေချိုးဆပ်ပြာရည်၊ ကြွေဂျီး ချွတ်ဆေး၊ Shower၊ Hand gel၊ Shampoo နှင့် Scrub အမျိုးမျိုး၊ ဆန်၊ ရှားစောင်း၊ ပယင်း၊ သစ်ဂျပိုး၊ ကော်ဖီ၊ နနွင်း စသည့် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့်ပြုလုပ်သော ဆပ်ပြာခဲအမျိုးနှင့် စားသုံးသူ အကာအကွယ် ပေးရေးဥပဒေနှင့်ပတ်သက်သည်များအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် ခြင်းဆိုင်ရာ သိကောင်းစရားများ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။

အဆိုပါသင်တန်းတွင် မင်းဘူးမြို့ အမှတ်(၈၈) ခြေလျင်တပ်ရင်းရှိ တပ်ဖွဲ့ဝင်မိသားစုများမှ သင်တန်းသူ (၂၀)ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်မိသားစုများမှ သင်တန်းသူ (၂၀)ဦးစီဖြင့် စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းသင်တန်းနှစ်ခုအား မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)