မြဝတီမြို့၌ “ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြဝတီ မေ ၂၉

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလများတွင် အများဆုံး တွေ့ကြုံရတတ်သည့် ရေကြီး၊ ရေလျှံမှုများကြောင့် ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အချက်များ ကြိုတင်သိရှိနိုင်ကြစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ အမှတ်()ရပ်ကွက်၊ ဓမ္မာရုံ၌ ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက မိမိတို့ရပ်ကွက် ပြည်သူများ အတွက် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအလိုက် ကျေးဇူးတင်ရှိပါကြောင်း အမှာစကား ပြောကြားပေးပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က မိမိတို့ဌာနအနေဖြင့် မိုးတွင်း ကာလများ၌   အများဆုံးဖြစ်ပေါ်တတ်သည့်   ရေကြီး၊ ရေလျှံမှုများကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များ မဆုံးရှုံးစေရန် အသိပညာပေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သည့်
ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရမည်ဖြစ်ကြောင်း၊ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်၊ သတိပေးချက်၊ အကြံပြုချက်များကို  စဉ်ဆက်မပြတ် သတိရှိနေစေရန်၊  ရေကြီးခြင်းဖြစ်ပေါ်နေချိန်  ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ရေကြီးမှုများ ဖြစ်ပွားပြီးက ပြုလုပ်ရမည့်အချက်တို့ကို အသေးစိတ်ရှင်းလင်း ဟောပြောပေးသည်။

ဆက်လက်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက  ယခုအခါ မိုးဦးကာလ  ရောက်ရှိလာပြီဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ဆောင်ရွက်ထားရမည့် အချက်များ၊ လူမှုမီဒီယာများတွင် ဖော်ပြနေသည့် သတင်းမှားများကြောင့် စိုးရိမ်ထိတ်လန်မှုမဖြစ်စေရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အချိန်နှင့်တပြေးညီထုတ်လွှင့်ပေးသည့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များကို ဂရုပြုလိုက်နာကြရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားရရှိစေရန် စာအုပ်စာပေများစွာ လေ့လာဖတ်ရှုသင့်ကြောင်းကို ရှင်းလင်း ဟောပြောပေးသည်။

အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်ပြည်သူ(၁၀၀)ကျော် တက်ရောက်ကြပြီးပြည်သူများက သိရှိလိုသော အချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က ပြန်လည်ရှင်းလင်းပေးပြီး ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)