သဲကုန်းမြို့နယ်၌ အမျိုးသမီးများနှင့် ပတ်သက်သည့် GENDER, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဆွေးနွေး

သဲကုန်း မေ ၂၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အမျိုးသမီးများနှင့် ပတ်သက်သည့် GENDER, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေး ဆွေးနွေးကို ယမန်နေ့က လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် အမျိုးသမီးကော်မတီ‌ဥက္ကဋ္ဌ ဦးယဉ်ထွေးက အခမ်းအနားနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် UNSCR 1325 နှင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အမျိုးသမီးများအကြမ်းဖက်ခံရခြင်း ဖြစ်စဉ်များအကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ကျား/မရေးရာ အခြေခံသဘောတရားများ (GENDER) အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ဧည့်သည်များက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်