မိုင်းပျဉ်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နေအိမ်မ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့တွင်း လူသွားလမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသူရမောင်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ မြို့တွင်းလူသွားလမ်းဆုံနေရာများတွင် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်း မရှိသူများကို အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) ကို မဖြစ်မနေ တပ်ဆင်သွား လာကြရန်၊ လူစုလူဝေးများသည့် နေရာများသို့ သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်၊ လက်ကို မကြာခဏ ဆေးကြော သန့်စင်ရန်စသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုအသံချဲ့စက်များနှင့် ပြည်သူများ သိရှိနိုင် စေရန်အတွက် ကြေညာပေးခြင်းနှင့် ပြည်သူများက ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးကြရန် တို့ကိုမြို့ပေါ် ရပ်ကွက်များ အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မေမွန်ထွဋ်(ပြန်ဆက်)