မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေး  မေ  ၂၉

၂၀၂၂-ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ()နာရီအချိန် က တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မင်းဘူးမြို့နယ်အသင်းနှင့်ပခုက္ကူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မင်းဘူးမြို့နယ်အသင်းက အနိုင်ရရှိခဲ့ပြီး အမျိုးသမီးပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ပွင့်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွင့်ဖြူမြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မင်းဘူးမြို့နယ် အသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ပခုက္ကူမြို့နယ်အသင်းနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးနောက်ထိန်းဆု၊ အကောင်းဆုံးပင့်ထောင်ဆုနှင့် အကောင်းဆုံးရိုက်ခုတ်ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ပွင့်ဖြူမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိခဲ့သော ရေနံချောင်းမြို့နယ်အသင်းအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)