ဘားအံ၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ဘားအံ မေ ၂၉

ကရင်ပြည်နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာလူမျိုးများသည် ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဟူသည့် ဆိုရိုးစကားနှင့်အညီ ကျင့်ကြံနေထိုင်လေ့ရှိကြကြောင်း၊ ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သော သက်ကြီးအဘိုး၊ အဘွားများ အား နိုင်ငံတော်မှ လူမှုရေးပင်စင်အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာ အကျုံးဝင်သူ၊ အကျိုးခံစား ခွင့်ရှိသူတိုင်း ရရှိခံစားနိုင်စေရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိသော အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တာဝန်ရှိသူ များက အိမ်တိုင်ယာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး (၆၃၂)ဦး၊ အဘွား(၁၀၄၆)ဦး၊ စုစုပေါင်း ၁၇၂၈ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၅၁၈၄၀၀၀၀ (ငါးရာတစ်ဆယ့်ရှစ်သိန်းလေးသောင်းတိတိ)ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွား (၁၀၀)ဦး အား တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလအတွက် ငွေကျပ်သုံးသောင်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)