ပုလဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ကပ်ထားကြေညာ

ပုလဲ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊   ယင်းမာပင်ခရိုင်၊   ပုလဲမြို့နယ်တွင်  ၂၀၂၀ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်    လွှတ်တော်ကိုယ်စားလှယ်လောင်း  အမည်စာရင်းများကို    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့်  ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်   ဩဂုတ် ၃၀ရက်မှ စတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက “ ကျွန်မတို့မြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ(၅)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ(၄)ခုမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှ   ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ( ၅ )ခု မှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးနဲ့တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း(၁)ဦး၊ အမှတ်( ၂ ) တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ(၄)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း( ၄ ) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(ရှမ်းတိုင်းရင်းသားလူမျိုး)မှ   ပါဝင်ယှဉ်ပြိုင်မယ့်    လွှတ်တော်ကိုယ်စားလှယ်လောင်း   (  ၇ ) ဦး၊  တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်( ချင်းတိုင်းရင်းသားလူမျိုး)မှ  ပါဝင်ယှဉ်ပြိုင်မယ့်  လွှတ်တော်ကိုယ်စား လှယ်လောင်း (  ၁၁  ) ဦးတို့က   ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ  ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲမှာ    ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမှာ   ဖြစ်ပါတယ်။   ပါဝင်ယှဉ်ပြိုင်    အရွေးချယ်ခံကြမယ့်  လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ရပ်ကွက် /ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှာ ဩဂုတ်လ ၃၀ရက်နေ့မှ စတင်၍  ကပ်ထားကြေညာပေးထားပါတယ် ” ဟု ပြောပြသည်။

ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ  ၁၆၁ရုံ  ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၀၀၀၀ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)