လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့်စုပေါင်းသန့်ရှင်းရေးပြုလုပ်

လွိုင်ကော်  မေ  ၂၉

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့်စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေနှင့် တာဝန်ရှိသူများက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ ကျောင်းအဆောက်အဦ ဥပဓိရုပ်ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

လွိုင်ကော်မြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး မေလ ၂၆ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်၍ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ခန်းများနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိနိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများက သက်ဆိုင်သည့် ဌာနများ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများက သင်ကြားရေးနှင့်သက်ဆိုင်သော ပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ပြည်နယ်ဝန်ကြီးမှ လမ်းညွန်မှာကြားခဲ့သည်။

အလားတူ ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မေလ ၂၄ ရက်နေ့ကလည်း လွိုင်ကော်မြို့ ၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)