ဒိုက်ဦးမြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒိုက်ဦး  မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ၂၀၂၂ခုနှစ် မိုးရာသီအကြိုကာလတွင် ဒိုက်ဦး -ဥသျှစ်ကုန်းကားလမ်း မိုင်တိုင်အမှတ် ၀/၄ မှ ၀/၇ အထိ ကားလမ်းမကြီးလမ်းဘေးဝဲ/ ယာတစ်လျှောက်၌ သစ်တောသစ်ပင်များစိန်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်(၁၀)နာရီချိန်ကကျင်းပခဲ့သည်။

 ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာန အနေဖြင့်သစ်တောသစ်ပင်များထိန်းသိမ်းခြင်း သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် မန်ဂျန်ရှားပျိုးပင်(၁၀၀)ပင်နှင့် ကုက္ကိုလ်ပျိုးပင်(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၂၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာမှဦးစီးအရာရှိ ဦးစိုးမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ဒိုက်/ဦး)