မင်းဘူး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှတောင်သူများသည် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းသော ပင်ထောင်မြေပဲကို တစ်ရွာလုံးနီးပါး စိုက်ပျိုးထားကြကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။
ပင်ထောင်မြေပဲသည် တစ်ဧက ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် စားသုံးဆီဖူလုံရေးအတွက် အရေးပါလှသော သီးနှံတစ်မျိုးဖြစ်သည်။ ပင်ထောင်မြေပဲကို သဲနှုန်းမြေ၊ ကိုင်းမြေနှင့် နှုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပင်ထောင်မြေပဲ စိုက်ပျိုးရန် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ဖြင့် ထွန်ယက်စိုက်ပျိုးကြပြီး မိုးများသော ဒေသများဖြစ်ပါက ပေါင်များပြုလုပ် စိုက်ပျိုးကြသည်။
ပင်ထောင်မြေပဲများ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်းကြားတိုက်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်၍ စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ် ပိုးများအတွက် ပင်လုံးပြန့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ် ထားကြသည်။ အပင်သက်တမ်းမှာ ရက်ပေါင်း ၁၁၀ မှ ၁၂၀ ရှိပြီး သက်တမ်းကုန်၍ အရွက်များဝါလာ၊ အပွင့်များကျလာပါက နုတ်သိမ်းနိုင်သည်။ သို့သော် ဒါးကွင်းတိုက်ပြီး နုတ်သိမ်းပါက အလေအလွင့် နည်းပါးစေသည်။
ယခင်နှစ်များက ပင်ထောင်မြေပဲ တစ်ဧကလျှင် တင်း ၈၀ အထိထွက်ရှိ၍ တစ်တင်း ကျပ် ၈၀၀၀ ဈေးရောင်းချရသဖြင့် ထွက်နှုန်းကောင်းပြီး ဈေးကောင်းသော ပင်ထောင်မြေပဲများကို တစ်ရွာလုံးနီးပါး စိုက်ပျိုးထားကြကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက်တောင်သူ ဦးဝင်းဦးထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)