မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မော်လိုက် မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသစိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတရေးနှင့် ဒေသခံပြည်သူများ ကိုယ်တိုင်ပါဝင်စိုက်ပျိုးပြီး သစ်တောသစ်ပင်များအားချစ်တဲ့စိတ်တွေ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈နာရီခွဲက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး၊ ပျားစွဲဆင်စခန်းအနီး၊ မှော်ကူးကြိုးဝိုင်း အကွက်အမှတ်(၂၄)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းတို့က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် ပျိုးပင်များပေးအပ်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပျိုးပင်(၅၀၀)၊ မျောက်ငိုပျိုးပင်(၂၀၀)နှင့် မယ်ဇယ်ပျိုးပင်(၅၀) စုစုပေါင်းပျိုးပင်ပေါင်း(၇၅၀)တို့အား စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ လူထုဖြန့်အနေဖြင့် ပျိုးပင်များကိုလည်း ဖြန့်ဝေပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လိုက်သားလေး