မြဝတီ မေ ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက မြဝတီ(၂)ကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ်(၃)မဲကနယ်တိုးချဲ့ ကွက်သစ်အနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုလိုနှစ်စဉ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် သစ်တော၊ သစ်ပင်များဂေဟစနစ်များကြောင့် ပျက်စီးပြုန်းတီးမှုမှ ကာကွယ်ပေးခြင်းဖြစ် ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး ဒေသတွင်းအပူချိန်များ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း၊ဥတုရာသီ၊ တောကိုမှီ ဆိုစကားကဲ့သို့ သစ်တော၊ သစ်ပင်များ စိမ်းလန်းစိုပြေမှသာရာသီဥတုကောင်းမွန်မည်ဖြစ်ကြောင်း၊ မိုးရာသီအကြိုကာလတွင်နှစ်စဉ်၊နှစ်တိုင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပေးခြင်းဖြင့် လူနှင့်သက်ရှိသတ္တဝါများ သာမကရာသီဥတုနှင့် ပတ်ဝန်းကျင်အတွက် အကျိုးပြုကြောင်း စသည့်အကျိုးကျေးဇူးများကြောင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရခြင်းကြောင်းပြောကြား ပြီးစိုက်ပျိုးမည့်ပျိုးပင်များအား ဖြန့်ဝေပေးသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ နယ်ခြားစောင့်တပ်(BGF)မှ တပ်နယ်မှူး ဗိုလ်မှူးကြိး စောမုတသိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်၊ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီး၊ခရိုင်နှင့်မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား(၁၅၀) ပင်၊ ကျွန်း(၁၅၀)ပင်၊ပျဉ်းကတိုး(၅၀)ပင်၊မဟောဂနီ(၅၀)ပင်၊ ပိတောက်(၅၀)ပင်နှင့် စိန်ပန်း(၅၀)ပင် စုစုပေါင်း ပျိုးပင်(၄၀၀)ပင်တို့အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)