ဘားအံ မေ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် ဟင်းသီးဟင်းရွက် အသားငါးများကို ဝယ်ယူစာသောက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရ၏ အစိုးရအစီအစဉ်ဖြင့် တောင်သူလယ်သမားဈေးကို ယနေ့နံနက် ၇ နာရီက ဘားအံမြို့ ကန်သာယာဈေးတွင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တောင်သူလယ်သမားဈေးရောင်းချနေမှုအား ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့မှ ဘားအံမြို့နယ်ရှိတောင်သူများ၏ စိုက်ပျိုးမွေးမြူရေးခြံများမှ ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချသည့် သား၊ငါး၊ ဟင်းသီး ဟင်းရွက်၊ ကြက်ဥ၊ဘဲဥများရောင်းချနေမှုနှင့် ပြည်သူများဝယ်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ၎င်းတောင်သူလယ်သမားဈေးအား အပတ်စဉ်စနေနေ့တွင် ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)