ဖျာပုံမေ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး) မြို့နယ်များရှိပြည်သူများ မိုးရာသီအချိန် ကာလအတွင်း ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှု၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသောရေကောင်းရေသန့် ရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့်ဆေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့် ဆေးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးဦးတင်လင်းကအဖွင့် အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက ဖျာပုံခရိုင်အတွင်း(၄)မြို့နယ်ရှိ ရေချိုရှားပါးသောဒေသများတွင် မိုးဦးကာလသန့်ရှင်းသော သောက်သုံးရေရရှိစေရန် ယခုကဲ့သို့ ရေသန့်ဆေးပေးအပ်ရခြင်းဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးစာစောင်၊ဗီနိုင်းနှင့်ရေသန့်ဆေးများအားပေးအပ်ရာ ဖျာပုံခရိုင် အတွင်းမြို့နယ်များရှိကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြကြောင်းသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)