ရေနံချောင်း မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြို့ပေါ်ရှိ ချောင်းတိမ်ချောင်းရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမကြီးပေါ်ရှိ ကမ္ဘောဇဘဏ်အနီး လမ်းပိုင်းအရှည် (မိုင်ဝက်ခန့်)တွင် အမှိုက် သရိုက်များ တင်ကျန်မှုများဖြစ်ပွားခဲ့ခြင်းကို ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေးခက်ခဲမှု မရှိစေရေးအတွက် စုပေါင်းရှင်းလင်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြပြီး ကားလမ်းမကြီးပေါ်တွင် တင်ကျန် ခဲ့သည့် ရွံ့နွံသဲမြေများနှင့် နှုံးမြေများကို ရေနံချောင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တာဝန်ယူဆောင်ရွက်ထားသည့် မကွေး “ကောင်းမွန်” ကုမ္ပဏီမှ ဝန်ထမ်းများက စက်ယန္တယားများ၊ မြေသယ်ကားကြီးများနှင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ