တနင်္သာရီတိုင်းဒေသကြီးအဆင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ဖွင့်လှစ်

မြိတ်    မေ   ၂၈

၂၀၂၂-၂၀၂၃ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့် မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ အထက(၃)ကျောင်း ပညာရတနာခန်းမတွင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပညာရေးမူဝါဒများကို သိရှိလိုက်နာ ဆောင်ရွက်တတ်စေရန်၊ စီမံအုပ်ချုပ်သူများ သိသင့်သိထိုက်သောစီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကြီးကြပ် အကဲဖြတ် စာရင်းအင်းလုပ်ငန်းများ ကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊  အဆင့်အလိုက် စီမံအုပ်ချုပ် လုပ်ငန်းများကိုသိရှိသွားပြီး လုပ်ငန်းများဆောင်ရွက်ကြရာတွင် အမှားအယွင်းကင်းစွာဖြင့် ဆောင်ရွက်တတ်စေရန် ရည်ရွယ် ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွားသင်တန်း)တွင် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဆိုင်ရာ မူဝါဒ၊ ကမ္ဘာ့ပညာရေးမူဝါဒ၊ ပြဋ္ဌာန်းစာအုပ်/သင်ထောက်ကူပစ္စည်းဆိုင်ရာလုပ်ငန်းများ၊ သင်ယူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်ကြားရေးဆိုင်ရာကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဘဏ္ဍာဘာသာရပ်ဆိုင်ရာကိစ္စရပ်များ၊ ကြီးကြပ်အကဲဖြတ်တတ်မြောက်မှုစစ်ဆေးခြင်းစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများဖြင့် မေလ(၂၈) ရက်နှင့်(၂၉)ရက်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာ ရေးမှူးရုံးမှ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲစတင်ခဲ့သည်။ ဆွေးနွေးပွဲသို့ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ် ပညာရေးမှူးများနှင့် အထက်တန်း ကျောင်းအုပ်ကြီး(၁၅)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်ကြသူများမှသက်ဆိုင်ရာမြို့နယ်များတွင် ဆင့်ပွားသင်တန်းထပ်မံ ဖွင့်လှစ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်ပြန်/ဆက်)