အင်ဂျန်းယန်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

အင်ဂျန်းယန် စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကွမ်ဂျီးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်လောင်းများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်က မဲရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်အောင်လင်း က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေလင်းကျော်က ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းကောင်းစံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်က မြို့နယ်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ မဲဆွယ် စည်းရုံးခြင်း ဆိုင်ရာ ကိစ္စရပ်များပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)