ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် ၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ပွင့်ဖြူ   မေ  ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာတောကျောင်း ဘုန်းကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။  

အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာနေပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ကြပြီး အပင်အမြင့်(၂)ပေအထက်ရှိသော ကျွန်း၊ တမာ၊ မယ်ဇလီ၊ ကသစ်၊ ကုက္ကို၊ စိန်ပန်း၊ စုစုပေါင်း အရိပ်ရသစ်ပင်(၂၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ဌာနဆိုင်ရာများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)