ချောင်းဦး မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ခင်မွန်ကျေးရွာခင်မွန်နည်းပညာ ပြန့်ပွားရေးစင်ကာတွင် ယမန်နေ့နံနက်ပိုင်းက မြေဆီ လွှာအဟာရ ဖွံ့ဖြိုးတိုးတက်စေသည့် ပိုက်ဆံလျှော် မျိုးစေ့များကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ များ စုပေါင်းပြီးကျင်းပခဲ့သည်။
တောင်သူများ မိမိတို့ယာမြေများတွင် စိုက်ပျိုးသည့်အခါ စနစ်တကျစိုက်ပျိုးတတ်စေရန်နှင့် ပိုက်ဆံလျှော်ပင်၏ အကျိုးကျေးဇူးများကို သိနားလည်စေရန် ကွင်းသရုပ်ပြပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပိုက်ဆံလျှော်ပင်သည် အကြီးမြန်ဆွေးမြေ့လွယ်သည့် အပင်မျိုးဖြစ်ပြီး သီးနှံများ မစိုက်ပျိုးမှီ သို့မဟုတ် ရိတ်သိမ်းပြီး ခေတ္တမြေအားလပ်ချိန်၌ ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မှီ ၄၅ ရက်သားခန့်တွင်ထယ်ထိုးမြေမြုပ်ပေးခြင်းဖြင့် မြေကြီး၏အစိုဓာတ်ကို ထိန်းပေးခြင်း၊ မြေသားဖွဲ့စည်းမှု့ကောင်းစေခြင်း၊ သီးနှံပင်အတွက် N,P,K,Om ဓာတ်များရရှိစေခြင်း၊ မြေဆီလွှာတိုက်စားမှု့လျော့နည်းစေခြင်း၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက တောင်သူများအား ရှင်းပြသည်။
ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စု ၄ အုပ်စုရှိ တောင်သူ (၁၂)ဦးအား စိုက်ပျိုးမြေဧက၂၄ ဧကတွင် စိုက်ပျိုးရန် ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)