ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဇီးကုန်း    မေ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဂေဟ စနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှု ကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေဖလား ကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၇)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးမည့်ပျိုးပင်များအား တာဝန်ရှိသူအသီးသီးက ပေးအပ်ပြီး တက်ရောက်လာ ကြသူများမှ ကျွန်း(၄၀၀)၊ ပျဉ်းမ(၁၅၀)၊ မယ်ဇလီ(၁၀၀)၊ သင်းဝင်(၅၀)၊ မန်ဂျန်ရှား (၃၀၀)စုစုပေါင်း ပျိုးပင်(၁၀၀၀)အား ရွှေဖလားကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၇)၌  မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးဇော်မိုးဦးနှင့် သစ်တောဝန်ထမ်းများ၊ ဘော်ဘင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် ပြည်သူလူထုသို့ ဖြန့်ဖြူးပေးရန် ပျိုးပင်ပေါင်း သုံးသောင်းငါးထောင်ကျော်ကို ယာယီပျိုးဥယျာဉ်နှစ်ခုတွင် ပြုစုပျိုးထောင် ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)