အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများ ကြည့်ရှုစစ်ဆေး

ဖလမ်း မေ ၂၇

ဖလမ်းခရိုင်၊ဖလမ်း မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှု များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့‌ပေါ်ရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ အလိုက် လက်ခံဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းတွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ သူကလေးငယ်များ ကျောင်းအပ်နှံမှု၊ လက်ခံဆောင်ရွက်ပေးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြော ကာ ကျောင်းအပ်နှံသည့် ကျောင်းသား‌၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့)ပေးအပ်ခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ဖလမ်းမြို့နယ်တွင် ဇွန်လကုန်အထိ ကျောင်းအပ်နှံမှု ဆက်လက်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ အတွင်း ရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်ညီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်၊ ဖလမ်းခရိုင် ပညာ‌ရေးမှူး ဦး‌ခေါ‌ဂေကီး၊ ဖလမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုရှိန်း