ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပညာပေး စာစောင်၊ ဗီနိုင်းနှင့် ရေသန့်ဆေးပေးအပ်ပွဲကျင်းပ

ဖျာပုံ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဖျာပုံခရိုင် အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များရှိ ပြည်သူများ မိုးရာသီအချိန် ကာလအတွင်း ဝမ်းပျက် ဝမ်းလျောရောဂါ ဖြစ်ပွားမှု၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသော​ ရေကောင်းရေသန့် ရရှိစေရန် ရည်ရွယ်၍ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့် ရေသန့်ဆေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပညာပေး စာစောင်၊ ဗီနိုင်းနှင့် ရေသန့်ဆေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက ဖျာပုံခရိုင် အတွင်း (၄)မြို့နယ်ရှိ ရေချိုရှားပါးသော ဒေသများတွင် မိုးဦးကာလသန့်ရှင်းသော သောက်သုံးရေရရှိစေရန် ယခုကဲ့သို့ ရေသန့်ဆေးပေးအပ်ရခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့် ရေသန့်ဆေးများအား ပေးအပ်ရာ ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)