တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက  စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍   စာရေးဆရာ ခင်စောတင့်ရေးသားသည့် “အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးစောဂျရုန်းက စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးသည်။

ယင်းနောက် အဖွဲ့ဝင် ဦးမြသိန်း၊ ဦးသန့်ဇင်၊ ဦးအေးမြင့်တို့က အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များ၊ အသက်ရှူခြင်း နည်းပညာများ၊ အရိုးပွရောဂါသတိပြုပါ စသည့်ခေါင်းစဉ်များပါ အကြောင်းအရာများကို မိမိတို့၏ထင်မြင်ယူဆချက်များ၊ တွေးခေါ်မှုများနှင့်အတူ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဝါသနာရှင်များအတွက် အသက်အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတအတွေးအမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်