ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံမှ မိုးစပါးဧက(၅၀၀)အတွက် ပျိုးထောင်ရေ စတင်ပေးဝေ

ငဖဲ မေ ၂၇

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင် တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံ ဆည်ရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရင်းရှည်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာများ၌ မိုးစပါး စိုက်ပျိုးရန် လျာထားဧက(၅၀၀) အတွက် ပျိုးထောင်ရေကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရင်းရှည်တမံ ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကွင်းပေါင်း (၄)ကွင်းတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၅၀၀)ဧက  လျာထားထားပြီး ရင်းရှည်ရေလှောင်တမံ၏ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၂၆၀၀   ဧကပေ ဖြစ်၍ ယခုလမှာ မိုးရွာသွန်းမှုကြောင့် ရေဝင်ကောင်းနေပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ၂၃၃၃ ဧကကျော် ရှိတာဖြစ်တဲ့အတွက် ဆည်ရေသောက် တောင်သူများနှင့်ညှိနှိုင်း၍ မိုးစပါးဧက (၅၀၀) လျာထားစိုက်ပျိုးဖို့ ပျိုးထောင်ရေကို မေလ ၂၆ ရက်နေ့မှာ စတင်ပေးဝေခဲ့တာဖြစ်ကြောင်း၊ မန်းချောင်း ရေလှောင်တမံဆည်မှ နွေစပါးများအောင်ရေ ပေးဝေနေဆဲဖြစ်သည့်အတွက် မိုးစပါး ပျိုးထောင်ရေ ပေးဝေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မယု (ငဖဲ)