ပုသိမ်မြို့၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝန်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ နှစ်ထပ်ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်ထံ လွှဲပြောင်းပေးအပ်သည်။

အလားတူ ပုသိမ်မြို့အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည့် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ဆက်လက်ဖွင့်လှစ်ပေးသည်။ ထို့နောက်  တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင်လှိုင်ထံသို့ တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပုသိမ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ကျောင်းဆောင်သစ်မှာ အလျား ၇၀ ပေနှင့် အနံ ၃၀ ပေနှင့် အမှတ် (၅)အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေနှင့် အနံ ၃၀ ပေရှိသော အာရ်စီ အမျိုးအစား နှစ်ထပ်ကျောင်းဆောင်သစ်များဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)