ငါးသိုင်းချောင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ ယနေ့ နံနက်(၁၀)နာရီခန့်က ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် (၁၇)လုံးအား အချိန်မီ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ကမ်းပြိုအန္တရာယ် ဖြစ်ပွားရာသို့ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များ၊ နယ်မြေမီးသတ်စခန်း သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကွင်းဆင်း၍ ပြောင်းရွှေ့အိမ်ထောင်စု (၁၇)စုအား ဘေးလွတ်ရာ ငဝန်ရပ်ကွက်၊ ကျွန်းဦးတာကြီးတန်းလမ်း၊ ဘောလုံးကွင်းမြေကွက်လပ်သို့ ယာယီပြောင်းရွှေ့နေရာချထားပေးခြင်းများကို ကွင်းဆင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်၊ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း၊ ပြောင်းရွှေ့ရသည့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်း နေအိမ်(၁၇)လုံး၏ စုစုပေါင်း တန်ဖိုးမှာ(၁၇၀၀၀၀ဝိ/)ကျပ်ခန့် ဖြစ်ကြောင်းနှင့် ကမ်းပြိုအန္တရာယ်ကို ဆက်လက်သတိထား စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)