လေးမျက်နှာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

လေးမျက်နှာ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက်ပိုင်း ၌ ဆောင်ရွက်ခဲ့ကြသည်။

မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံး များတွင်  ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ပြောကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ အဆိုပါလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးဦးရာသီ၌ အဖြစ်များသောရောဂါ ဖြစ်သောကြောင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အဖွဲ့(၅)ဖွဲ့ခွဲကာ မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများတွင် ကွင်းဆင်ဆောင်ရွက်လျက်ရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)