မကွေး မေ ၂၆
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသူများ၏ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် အစိုးရနှင့်ပြည်သူများ လက်တွဲညီစွာ ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးသုံးအကာအကွယ် ပစ္စည်းများအား ထောက်ပံ့ပေးခြင်းအပြင် ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား သင်တန်းပို့ချခြင်းများအပြင် ပြည်သူများအောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် အောက်ဆီဂျင်စက်ရုံများအား တည်ဆောက်ပေးခဲ့ ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ စေတနာ့ဝန်ထမ်းအသင်း/ အဖွဲ့အစည်းပေါင်း (၁၂၉)ဖွဲ့နှင့် စေတနာ့ဝန်ထမ်းဦးရေ (၉၀၃)ဦးအထိရှိကြောင်း စာရင်းအချက်အလက်များအရ သိရှိရပြီး စာရင်းကောက်ယူရာတွင်မပါဝင်သော်လည်း ရပ်ကွက်/ကျေးရွာအလိုက် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအားလည်း အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်းနှင့် အများပြည်သူအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းတိုင်းတွင် မိမိတို့ တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါတတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)