ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၄၆၂ ဒသမ ၅၀ ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

ပွင့်ဖြူ  စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စုစုပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်လကုန်တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး သွားခဲ့ကြောင်းနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်မှ (CERP)အစီအစဉ်ဖြင့် သီးနှံမျိုးစေ့စရိတ်နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးထားကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အုပ်စု ၊ ကျေးရွာပေါင်း ၅၄ ရွာ၊ တောင်သူဦးရေပေါင်း ၅၃၉ ဦးရှိပြီး စိုက်ဧကပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးထားရှိကြောင်း သိရသည်။ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးရာတွင် တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေးနှင့် စိုက်နည်းစနစ်များ မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က လယ်ယာမြေစိုက်ခင်းများအရောက် ကွင်းဆင်း၍ စိုက်ပျိုးရေးဆိုင်ရာနည်း စနစ်များ လက်တွေ့ပညာပေးခြင်း ၊ မျိုးကောင်းမျိုးသန့်ရရှိရေး မျိုးကွဲနုတ်ပယ်ခြင်းများ ဆောင်ရွက်ခြင်းတို့ကို ပံပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် အခက်အခဲမဖြစ်စေရေးအတွက် နိုင်ငံတော်မှ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မျိုးစေ့ဖိုးနဲ့ သီးနှံစိုက်ပျိုးစရိတ် ထောက်ပံ့ပေးတဲ့အတွက် တောင်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင် ခဲ့ပါတယ်။ မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးမှုအနေနဲ့ကတော့ မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၀ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ၊ တောင်သူ ဦးရေပေါင်း ၅၃၉ ဦးရှိပြီး မိုးစပါးမျိုးစေ့ထုတ်သီးနှံ စိုက်ဧကပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက် ထားရှိပါတယ်။ နိုင်ငံတော်မှ ထောက်ပံ့ပေးတဲ့ ထောက်ပံ့ကြေးငွေတွေကိုလည်း တောင်သူတွေအားလုံးကို ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။ (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကိုတော့ ဇူလိုင်လ စတုတ္ထပတ်ကစပြီး စိုက်ပျိုးခဲ့ရာ ဩဂုတ်လကုန်မှာ လျားထားဧက အားလုံး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပါတယ်။  မျိုးစေ့ထုတ်စိုက်ခင်းတွေ စိုက်ပျိုးရာတွင် တောင်သူတွေ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နယ်မြေအလိုက် ကွင်းတာဝန်ခံ ဝန်ထမ်းတွေကနေ အနီးကပ် ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောသည်။    

ရဲဝင်းနိုင်  (ညောင်ဦး)