ပခုက္ကူမြို့၊အစိုးရနည်းပညာအထက်တန်းကျောင်း၌ ပထမနှစ်သင်တန်းသားသစ်များခေါ်ယူ

ပခုက္ကူ  မေ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်အတွက် ၂၀၂၂ခုနှစ်၊ မေလ၁၁ရက်မှစတင်ပြီး ပထမနှစ် သင်တန်းသားသစ်များခေါ်ယူလျက်ရှိကြောင်းသိရသည်။

အဆိုပါကျောင်း၌ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ်တွင်ဖွင့်လှစ်ပို့ချမည့် အဆောက်အဦနည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်းတို့အတွက် သင်တန်းတစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးစီဖြင့် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၂၀၀)ဦး လက်ခံသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းအောင်မြင်ပြီးကြောင်းထောက်ခံစာ၊ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာ၊ လျှောက်ထားသူ၏ အမည်ပါရှိသောအိမ်ထောင်စုဇယားမူရင်းနှင့်မိတ္တူ၊ သက်ဆိုင်ရာနယ်မြေရဲစန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံ စာမူရင်းတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး ပထမနှစ်သင်တန်းသား၊ သင်တန်းသူသစ်များလက်ခံနိုင်ရေးအတွက် လျှောက်လွှာများ စတင်ထုတ်ပေးခြင်းနှင့် စိစစ်လက်ခံခြင်း လုပ်ငန်းများကို ၂၀၂၂ခုနှစ်၊ မေလ ၁၁ ရက်နေ့မှ ၃၀ ရက်အတွင်းလည်းကောင်း၊ သင်တန်းသားရွေးချယ်ခြင်း(လူတွေ့စစ်ဆေးခြင်း)လုပ်ငန်းကို ၂၀၂၂ခုနှစ်၊ မေလ၁ ရက်နေ့တွင်လည်းကောင်း၊ ဝင်ခွင့်ရသင်တန်းသား၊ သင်တန်းသူသစ်စာရင်းထုတ်ပြန်ကြေညာခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လ ၁ ရက်တွင်လည်းကောင်း၊ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းကို ဇွန်လ ၁ ရက်နေ့မှ ၂၀ ရက်အတွင်းလည်းကောင်း အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သင်တန်းသား၊ သင်တန်းအဆောင်တွင်းနေထိုင်ရမည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးလျှောက်ထားပါက တစ်ဦးလျှင် တစ်လငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် သင်တန်းတက်ရောက်သည့်ကာလများအတွင်း ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း၊ အထက်ဖော်ပြပါမိမိသင်တန်းအထူးပြု ဘာသာရပ်များအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင် စရာဘာသာရပ်များသင်ကြားရမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာသုံးနှစ်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ပါက A.G.T.I ပထမနှစ်သင်တန်းနှင့် B.Tech ပထမနှစ်သင်တန်းသို့ သက်ဆိုင်ရာ ကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေးမူအတိုင်း လျှောက်ထားတက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းအောင် လက်မှတ်(Certificate)ရရှိပြီးပါက အစိုးရဌာနများနှင့် ပုဂ္ဂလိကစက်ရုံ၊ ကုမ္ပဏီလုပ်ငန်းများတွင် စက်မှုကျွမ်းကျင်ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ လာရောက်လျှောက်ထားသူများပြားပါက နည်းပညာနှင့်သက်မွေးပညာလုပ်ငန်း သဘာဝအရကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများတွင် ကွင်းဆင်းဆောင်ရွက်နိုင်သူကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးထွန်းမြိုင်က ပြောသည်။

ဦးကီးလိန်းဖ