ကျောင်းကုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စုအတွင်းရှိ တောင်သူ (၉၀)ဦး၏ လယ်မြေဧက(၅၉၂) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှူန်းဖြင့် ငွေကျပ်သိန်းပေါင်း (၈၈၈) သိန်းကို တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံမန်နေဂျာ ဦးစံရွှေနှင့် ဝန်ထမ်းများ၊ သစ်ဆိမ့်ကုန်းအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ကြွေးပြေကျေသူများအား ပထမဦးစားပေးဖြင့် ထုတ်ချေးပြီး၊ ကျန်ရှိနေသော ကြွေးဟောင်းပြေကျေသူများကိုလည်း ဒုတိယအကြိမ် ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)