တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

ပုသိမ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့ကို ရည်ရွယ်၍  ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက် စိုက်ပျိုး ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လူသားများ အသက်ရှင်နေထိုင်ရေးအတွက် သစ်တောသယံဇာတများသည် အထူးအရေးပါလှကြောင်း၊ လူနှင့်သက်ရှိသတ္တဝါများအတွက် လိုအပ်သော အောက်စီဂျင်ထုတ်လွှင့်ပေးခြင်းဖြင့် သက်ရှိလောကအတွက် အရေးကြီးဆုံး ဝန်ဆောင်မှုကို အကျိုးဆောင်ပေးလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ် စေသော အကြောင်းအရင်းများတွင် သစ်တောပြုန်းတီးမှုဟာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီးပါက ရှင်သန်အောင် ဆက်လက်ပြုစုထိန်းသိမ်းသွားရန် လိုအပ် ကြောင်း” ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကမှ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက သက်မှတ်ထားသော နေရာများတွင် နေရာယူ၍  ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ အစရှိသည့် ပျိုးပင်အမျိုးအစား (၁၄)မျိုး၊ ပျိုးပင်ပေါင်း (၆၈၀)အား စုပေါင်းစိုက်ပျိုးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စုပေါင်းစိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့ပြိုင်ပွဲအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်က အမှာစကားများပြောကြားပြီး တိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေ (၁၀)သိန်းအား ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ် ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ‌ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်များမခိုအောင်းစေရန် ချုံနွယ်များ အား ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)