ငဖဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ငဖဲ  စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညွန့်မြင့်က ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားရသော ရပ်ကွက်/ကျေးရွာ မဲဆန္ဒရှင် စာရင်းများ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ဒုတိယအကြိမ် မဲစာရင်းများကို စက်တင်ဘာလအတွင်း ကပ်ထားကြေညာမည်ဖြစ်သောကြောင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်ဟန်မီမီကျော် က မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးစိစစ်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ခရိုင် ရွေးကောက်ပွဲကော်မရှင်တို့၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ  မဲရုံများနှင့် မဲစာရင်း စိစစ်မှုများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မယု(ငဖဲ)