အင်းတော် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ မိုးစပါး ဆင်းဧကရီ - ၃ (RS to CS) မျိုးစေ့ထုတ ်စိုက်ကွက်နှင့် မော်လူး နည်းပညာပေး စင်တာ နယ်မြေအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များ အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါ များ ကျရောက်မှု မရှိစေရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အဆိုပါ နယ်မြေများရှိ နည်းပညာပေးစင်တာမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က လည်းကောင်း၊ မြို့မနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ တောင်သူ ဦးရွှေတိုး၏ မိုးစပါး ဆင်းဧကရီ - ၃ (RS to CS) မျိုးစေ့ထုတ်စိုက်ကွက်နှင့် မဲဇာနည်းပညာပေးစင်တာအတွင်းရှိ သံဘိုကျေးရွာ တောင်သူ ဦးဆန်းဝင်း၏ မိုးစပါး ဆင်းဧကရီ - ၃ (RS to CS) မျိုးစေ့ထုတ်စိုက်ကွက်တွင် စက်တင်ဘာလ ၃ ရက်နေ့ကလည်းကောင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသ (၄) ခုတွင် နည်းပညာပေး စင်တာများဖွင့်လှစ်ထားရှိပြီး၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ မိုးစပါးမျိုးစေ့ ထုတ် စိုက်ကွက်ဧက (၅၅၀) အား အကောင်အထည်ဖော်ဆောင်ရွက်ထားရှိပြီး၊ အဆိုပါ မျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မှော်ဘီ၊ ဆင်းဧကရီ-၃၊ ဧရာမင်း စပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် တောင်သူများ အတွက် ထောက်ပံ့ကြေး များကိုလည်း ဩဂုတ်လ ၂၅ ရက်နေ့တွင် ပထမအရစ် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များ အောင်မြင် ဖြစ်ထွန်းရေးအတွက် နည်းပညာပေးစင်တာအတွင်းရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ မြေဩဇာများ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ် သုံးစွဲတတ် စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူး သင်ကြားပြသပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိုးစပါးများကို စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းသရုပ်ပြပွဲများ ကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ စိုက်ကွက်များအတွင်း ပိုးမွှားများ ကျရောက်ခြင်း၊ မြေဩဇာများ စနစ်တကျသုံးစွဲလိုခြင်း၊ အခြား စိုက်ပျိုးရေးနည်းပညာ အခက်အခဲများ ပေါ်ပေါက်လာ ပါက အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော သက်ဆိုင်ရာနယ်မြေများမှ နည်းပညာပေး စင်တာများရှိ ဝန်ထမ်းများနှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် ယခင်နှစ်က မိုးစပါး စိုက်ဧက တစ်မြို့နယ်လုံး လျာထားချက်အနေဖြင့် ( ၅၆၃၉၆ )ဧက လျာထားခဲ့ရာ အမှန်စိုက်ဧက ( ၅၅၈၉၃ ) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် မိုစပါးစိုက်ဧက စုစုပေါင်း ( ၅၅၈၃၈ ) ဧက လျာထားခဲ့ရာ ယနေ့ အချိန်အထိ (၄၅၂၆၃) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ဧကစုစုပေါင်း၏ ၈၁ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း၊ ယခင်နှစ် ကထက် မိုးစပါး စိုက်ဧကပိုမိုစိုက်ပျိုးနိုင်မည်ဟု ခန့်မှန်းရပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
ကျော်သီဟ