ကျုံ‌‌ပျော်တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ကျုံပျော် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပထမနေ့ဖြစ်‌သော မေလ ၂၆ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ အများအပြား လာရောက်‌ကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။

"ကျောင်းအပ်ဖို့အတွက် တချို့မိဘနဲ့ ကလေးတွေဆိုရင် မနက် ၆ နာရီခွဲလောက်ကတည်းက ကျောင်းရှေ့‌တွေမှာ ရောက်နေကြတာကို တွေ့ရတယ်၊ ကျောင်းအပ်လက်ခံတာ ပထမဆုံး နေ့လည်းဖြစ်၊ ရက်ရာဇာနေ့လည်းဖြစ်တော့ ကျောင်းအပ်သူ အများအပြားလာရောက် ကျောင်းအပ်ကြတာ‌ကို တွေရပါတယ်၊ ငွေကြေးကောက်ခံတာမရှိပါဘူး၊ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ် အခမဲ့ထောက်ပံ့တာတွေရကြပါတယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့ သည်။

ကျုံပျော်မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်၊ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများကို ပြီးခဲ့သည့် သီတင်းပတ်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၂၀) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်း(လွန်)နှင့် မူလတန်းကျောင်း (၂၀၆) ကျောင်း၊ စုစုပေါင်း (၂၅၁) ကျောင်းတို့တွင် မေလ(၂၆)ရက် ယနေ့နံနက်မှ စတင်ကာဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံ ဆောင်ရွက်‌ပေးနေပြီဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)