အိမ်မဲ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း(၂၀၀) တွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကျောင်းသား/သူများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
“အိမ်မဲမြို့နယ်မှာ အခြေခံပညာကျောင်း (၁၉၆) ကျောင်းနဲ့ ဘက (ဘုန်းတော်ကြီးပညာသင် ကျောင်း) (၄) ကျောင်း စုစုပေါင်းကျောင်း(၂၀၀)ရှိပါတယ်။ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက ကျောင်းသား/သူများ ကျောင်းအပ်တာကို လက်ခံပေးလျက်ရှိပါတယ်လို့” မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းက ပြောကြားသည်။
အဆိုပါ ကျောင်းအပ်လက်ခံမှုများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မက လယ်ပေါ်ရပ်ကွက်မှာနေပါတယ်။ ခုလယ်ပေါ်ကျောင်းမှာ သမီးလေးကိုကျောင်းလာ အပ်ပေးတာပါ။ ကျောင်းအပ်လက်ခံတဲ့နေရာမှာလည်း ငွေတစ်ပြားမှ မပေးခဲ့ရပါဘူး။ ကျောင်းသုံးပုံ နှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့ အခြားပစ္စည်းများလည်း အလကားရပါတယ်။ မိဘပြည်သူများကို ပြောချင်တာကတော့ မိမိတို့ရဲ့ကလေးများကို စာသင်ကြားတဲ့အချိန်မှာ စာသင်ခန်းထဲရှိကြဖို့ ကျောင်းအပ်နှံကြပါလို့” ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြင့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး အိမ်မဲမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးအခမ်းအနားကို မေလ ၂၇ ရက်နေ့ အ.ထ.က(၂) ကျောင်းပညာ ဗိမာန်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)